ရန်ကုန်မြို့အခြေစိုက် တီးတိန်မြို့နယ်အသင်းသို့ အိတ်ဖွင့်ပေးစာ

ချင်းသူရဲကောင်းဘွဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးအပ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီသတင်းဌာနရဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲပါသတင်းတစ်ပုဒ်ကို အင်တာနက်စာမျက်နှာမှာ ဖတ်လိုက်ရပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့တုန်းက ရန်ကုန်မြို့အခြေစိုက် တီးတိန်မြို့နယ်အသင်းက ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို “ချင်းသူရဲကောင်း”ဆိုတဲ့ ဘွဲ့ကို ပေးအပ်တာတဲ့။ အဲဒီအသင်းမှာ ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့ နှစ်ခြင်းသင်းအုပ်ဆရာတွေလဲ ပါတယ်တဲ့။ အဲဒီအသင်းရဲ့ အတွင်းရေးမှူး ဦးကပ်ခင်းပေါင်ရဲ့ အဆိုအရ ချင်းသူရဲကောင်းဘွဲ့ရဲ့ အဓိပ္ပါယ်ဟာ ချင်းပြည်နယ်ကျူးကျော်လာမယ့် ရန်သူတွေ၊ တောရဲတိရိစ္ဆာန်တွေရဲ့ ရန်ကို ကာကွယ်ပေးတဲ့သူ၊ ချင်းလူမျိုးများရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးပြီး ကာကွယ်ပေးတဲ့သူ ဖြစ်တယ်တဲ့။

အသင်းက “ဘွဲ့” ပေးပြီးတဲ့နောက် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ကူညီပေးဖို့နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကူညီပေးဖို့ တောင်းဆိုခဲ့တယ်တဲ့။

ကာချုပ်အနေနဲ့လည်း နယ်လုံဝန်ကြီးကို လွှတ်ပြီး တတ်နိုင်သလောက် လုပ်ပေးဖို့ ပြောသွားတယ်တဲ့။

တီးတိန်မြို့နယ်အသင်းရဲ့ ဘုန်းတော်ကြီး Rev. Fr. Joseph Thang Nen Zo Mung ကလည်း ပြောတယ်၊ ချင်းတိုင်းရင်းသားများအနေနဲ့ တပ်မတော်နဲ့ အတူ အမြဲ ရပ်တည်ဆောင်ရွက်မယ်လို့ ပြောတယ်တဲ့။

ရန်ကုန်အခြေစိုက် တီးတိန်မြို့နယ်အသင်းအနေနဲ့  လုပ်ချင်တာ လုပ်ပိုင်ခွင့် ရှိပါတယ်။ အသင်းဝင် မဟုတ်တဲ့ ကျနော့်လို အပြင်လူက တားမြစ်ပိုင်ခွင့် မရှိသလို တိုက်တွန်းပိုင်ခွင့် မရှိပေမယ်လို့ ခင်ဗျားတို့ ဖန်တီးလိုက်တဲ့ ဘွဲ့အမည်မှာ ချင်းဆိုတဲ့ စကားလုံးက ပါလာတော့ ဝေဖန်ပိုင်ခွင့်တော့ ရှိလာပါတယ်။

၁။ ရန်ကုန်အခြေစိုက် တီးတိန်မြို့နယ်အသင်းအနေနဲ့ ကာချုပ်ကို ကြည်ညိုလို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဖားချင်လို့ ပေးတာပဲ ဖြစ်ဖြစ် ခင်ဗျားတို့ ဖန်တီးလိုက်တဲ့ ဘွဲ့မှာ ချင်းဆိုတဲ့ နာမည်ကို မသုံးသင့်ပါဘူး။ ပေးချင်သပဆိုရင်လည်း ‘ရန်ကုန်အခြေစိုက် တီးတိန်မြို့နယ်အသင်း သူရဲကောင်းဘွဲ့’လို့ သုံးရမှာပါ။ အဲဒီလို သုံးလိုက်ရင် ကျနော်တို့  ချင်းတွေအနေနဲ့လည်း ဘာမှ ဝေဖန်ပိုင်ခွင့် မရှိတော့ဘူးပေါ့။ ခင်ဗျားတို့ အသင်းအနေနဲ့ ချင်းတစ်မျိုးသားလုံးကို ကိုယ်စားပြုပိုင်ခွင့် မရှိတဲ့ အပြင် တီးတိန်တစ်မြို့နယ်လုံးကိုတောင် ကိုယ်စားပြုခွင့် ရှိမယ် မထင်ပါဘူး။

၂။ ခင်ဗျားတို့ရဲ့ သတ်မှတ်ချက်အရ ကာချုပ်ကို သူရဲကောင်းဘွဲ့ ပေးလိုက်တော့ ချင်းပြည်တယ်ကို ကျူးကျော်သူတွေရဲ့ ရန်ကနေ ကာကွယ်ပေးမယ်ဆိုတဲ့ သဘောပေါ့။ ချင်းပြည်နယ်ကို ဘယ်သူက ကျူးကျော်တယ် ထင်ပါသလဲ။ ကျနော်တို့ ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး ကောလိပ်ဖြစ်တဲ့ ခိုင်ကမ်းကောလိပ်ကို ကလေးကောလိပ် (ယခု ကလေးတက္ကသိုလ်) ကျူးကျော်ခံရတုန်းက ခင်ဗျားတို့ ဘာလုပ်နေခဲ့သလဲ။ ချင်းပြည်နယ်အတွင်းမှာ ကျွန်းသစ်ထွက်တဲ့ ဘုံဇုန်းနယ်နိမိတ်တွေကို မကွေးတိုင်း နယ်နိမိတ်အဖြစ် ကျူးကျော်ခံခဲ့ရတုန်းက ခင်ဗျားတို့ ဘယ်ရောက်နေခဲ့သလဲ။ ဘယ်သူရဲကောင်းတွေက ကာကွယ်ပေးခဲ့ပါသလဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ အုငင်းပွါးခဲ့တဲ့ St. Martin ကျွန်းပြနာမှာ ခင်ဗျားတို့  သူရဲကောင်း ကာချုပ်အနေနဲ့ ဘာလုပ်နိုင်ခဲ့ပါသလဲ။ တရုတ်သစ်မှောင်ခိုတွေ သစ်တင်ကား ရာနဲ့ ချီပြီး မြန်မာပြည်ရဲ့ ကျွန်းသစ်တွေကို ကျူးကျော်ခဲ့တုန်းက ဘယ်သူရဲကောင်းတွေ ဘာလုပ်ခဲ့ပါသလဲ။ (အဲဒီ ကိုရွှေတရုတ်ကြီးတွေ တစ်ပတ်ပဲ အချုပ်ခံခဲ့တာ မှတ်မိကြဦးမလား မသိဘူး)။

၃။ Rev. Fr. Joseph Thang Nen Zo Mung လည်း တပ်မတော်နဲ့  အတူ အမြဲရပ်တည်ချင်တယ်ဆိုရင် ဆရာတော်ကြီးရဲ့ ကိုယ်ပိုင် ခံယူဆုံးဖြတ်ခွင့် ဖြစ်လို့ ကျနော့်အနေနဲ့  ဝေဖန်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမယ့် ချင်းတိုင်းရင်းသားတွေရဲ့ ဆန္ဒကို မသိရှိရပါပဲ တပ်မတော်နဲ့အတူ အမြဲတမ်း ရပ်တည်မယ်ဆိုပြီး ပြောထွက်သွားတာ ဆန္ဒ စောလွန်းရာ မကျဘူးလား။ ဖြစ်သင့်တာက ရန်ကုန်အခြေစိုက် တီးတိန်မြို့နယ်အသင်းသားများအနေနဲ့ တပ်မတော်နဲ့အတူ အမြဲတမ်း ရပ်တည်သွားမှာပါဆိုပြီး သုံးသင့်ပါတယ်။ အကြောင်းကတော့၊ ချင်းတိုင်းရင်းသားတွေထဲမှာ တပ်မတော်သားတွေရဲ့ မတရားညှင်းပန်းနှိပ်စက်မှု ခံခဲ့ရသူတွေ၊ မုဒိမ်းကျင့် ခံခဲ့ရသူတွေ၊ အရိုးကွဲအောင် အေးတဲ့ ချင်းတောင် ဆောင်းရာသီ ညဥ့်သန်းခေါင်မှာ အတွင်းခံဘောင်းဘီလေးသာ ၀တ်ခိုင်းပြီး တပ်မတော်သားတွေရဲ့ ပေါ်တာထမ်းဖို့  အတင်းအဓမ္မ ခိုင်းစေခြင်း ခံခဲ့ရသူတွေ ရှိနေသေးတယ်လေ။ သူတို့ တွေရဲ့ ခံစားချက်ကို မသိပဲ တပ်မတော်နဲ့အတူ အမြဲတမ်း ရပ်တည်ခိုင်းတာလား။

ဒီလောက်နဲ့ပဲ နားလိုက်ပါဦးမယ်။

Credit: Ruang Lian (Germany)

မှတ်ချက်။

၁။ ကျနော့်အနေနဲ့  ခင်ဗျားတို့ရဲ့ ရန်ကုန်အခြေစိုက် တီးတိန်မြို့နယ် အသင်း အသင်းဝင်တွေကို တစ်ယောက်တစ်လေကိုတောင်မှ ပုဂ္ဂိုလ်ရေးအရ မသိရှိပါ။ ဒီစာဟာ ခင်ဗျားတို့ရဲ့ အသုံးအနှုန်းနဲ့  ပြောစကားတွေကို ဝေဖန် တုံ့ပြန်ခြင်းသာ ဖြစ်ပါတယ်။

၂။ ရန်ကုန်အခြေစိုက် တီးတိန်မြို့နယ်အသင်းနဲ့ သူရဲကောင်းဘွဲ့ကို ဖန်တီးတဲ့သူတွေကိုပဲ ရည်ရွယ် ရေးသားခြင်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *